သမိုင်းထဲက အက္ခရာများ

သမိုင်းထဲက အက္ခရာများ

Date:
Genres:ရခိုင်သမိုင်းကို လေ့လာသောအခါ အားရစရာကောင်းသည်မှာ ရခိုင်လူမျိုးတို့၏ ခေတ်ဦးစာပေယဉ်ကျေးမ…

        ရခိုင်သမိုင်းကို လေ့လာသောအခါ အားရစရာကောင်းသည်မှာ ရခိုင်လူမျိုးတို့၏ ခေတ်ဦးစာပေယဉ်ကျေးမှု ထွန်းကားခဲ့သည်ကို မြင်တွေ့ရခြင်းပင်ဖြစ်သည်။ ရခိုင်နယ်မြေအနှံအပြားတွင် မြေကြီးသက်သေ သမိုင်း ကြွင်းအဆောက်အအုံများ ဘာသာရေးဗိသုကာလက်ရာများဖြစ်သော ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း များ စသည်တို့ အများအပြားတည်ရှိနေကြရာ ၎င်းတို့ကို သေချာသော ခေတ်ကာလ ပြုလုပ်သူအမည်နာမ တို့နှင့်တကွ အက္ခရာစာတင် မှတ်ထားခဲ့ကြသည်ကို တွေ့ရသည်။ ထင်ရှားသော အမှတ်အသားများအရ ရခိုင်လူမျိုးတို့သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ဆိုသော ခေတ်ကြီးလေးခေတ်အတွင်း သကျသာကီ (အာရီယာန် သို့မဟုတ် ဒြာဗီဒီယာန်) ရခိုင်မင်း ဆက်ပေါင်း ၂၄၅ ဆက်ဖြင့် နှစ်ပေါင်း ၅၀၇၂ နှစ်ထိ ကျင်လည်ရှင်သန်ခဲ့ကြသည်။ အဆိုပါနှစ် အရေ အတွက်မှာ ဓည၀တီခေတ် ဘီစီ-၃၃၂၅ မာရယုမင်းမှ အစပြုကာ မြောက်ဦးခေတ် သမ္မတရာဇာ မင်း အေဒီ-၁၇၈၅ အထိ ရခိုင်သမိုင်းခရီးစဉ် ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ရခိုင်ပြည် ဓည၀တီသို့ ဘုရာစန္ဒသူရိယ လက်ထက်က ကြွရောက်ခဲ့ကြောင်းကို ရခိုင်ရာဇ၀င်အစောင်စောင်တို့က တညီတညွတ် တည်း ဆိုကြသည်။ သမိုင်းသုတေသီတို့၏ လေ့လာမှုများအရလည်း ရခိုင်ရာဇ၀င်တို့၏ အဆိုကို အကျိုး အကြောင်းသင့်လျော်မှန်ကန်ကြောင်း ထောက်ပြသည်ကို တွေ့ရသည်။      ရခိုင်လူမျိုးတို့၏ ထိုသို့ ရင့်ကျက်သော ဖြတ်သန်းလာရာ သမိုင်းစဉ်တို့ကို မှတ်တမ်းပြုဖော်ထုတ်နိုင်ခြင်း မှာ ရှေးရခိုင်လူနေမှုအတွင်း စာပေယဉ်ကျေးမှု ထွန်းကားခဲ့မှုသည် အဓိက အထောက်အပံ့တစ်ခုဟု ဆိုနိုင်သည်။ သမိုင်းသုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ရှေးရခိုင်ပြည်တွင် ဓည၀တီခေတ်မှအစပြု ကာ စာပေယဉ်ကျေးမှု ထွန်းကားနေပြီဖြစ်ကြောင်း အထောက်အထားများစွာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြ သည်။ ထို့ကြောင့်ပင် ရခိုင်ပြည်ကြီး၏ လူနေမှုအဆင့်အတန်းသည် ရှေးနှစ်ပေါင်းများစွာကတည်းက ထင်ရှားသော စာပေယဉ်ကျေးမှုကို သန္ဓေတည် မွေးဖွားသန့်စင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

      ရခိုင်သမိုင်း၏ စာပေယဉ်ကျေးမှုကို လေ့လာရာတွင် ရှေးရခိုင်ဘုရင်အဆက်ဆက်တို့ အသုံးပြုခဲ့ကြသော၊ မှတ်တမ်းတင်ထားခဲ့သော သမိုင်းကြွင်း ရုပ်ဝတ္ထုများထက်မှ စာပေအက္ခရာများမှာ အလွန်ပင်အဖိုးတန်လှပေ လိမ့်မည်။ ရခိုင်ပြည်တွင် စာပေယဉ်ကျေးမှုသည် ကျောက်စာ၊ ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ ဒင်္ဂါး စာ၊ ပေစာများထက်၌ ရှေးနှစ်ပေါင်းများစွာကတည်းက  ရင့်ကျက်ယဉ်ပါးနေခဲ့ကြောင်း တွေ့ရသည်။      ရခိုင်စာပေယဉ်ကျေးမှု၏ အဦးဆုံးတွေ့ရသော သမိုင်းကြွင်းအထောက်အထားမှာ ဓည၀တီခေတ်မှ ရေးထိုး ခဲ့သော တောင်ပေါက်ကြီးကျောက်စာဖြစ်သည်။ ဘီစီ-၃ ရာစုခန့်မှ အသောကမင်းကြီး လက်ထက် အသုံးပြုသော စာပေအက္ခရာ ရေးဟန်သားဟန်တို့နှင့် ကိုက်ညီသော စာကြောင်းရေ (၂၅)ကြောင်း ပါ ကျောက်စာဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီး ထိန်းသိမ်းသူမဲ့မှုကြောင့် စာကြောင်းရေ (၅)ကြောင်းခန့် ကိုသာ သမိုင်းပညာရှင်တို့ ဖတ်ရှု ဘာသာပြန်နိုင်ခဲ့ကြသည်။ သမိုင်းခြေရာကောက်နည်းအရ ဘုရင်ကြီး စန္ဒသုရိယမင်း၏ တွတ်တော်သူ သူရိယမင်းဆက်ဘုရင်ကြီး သူရိယစက္ကမင်း ရေးထိုးခဲ့သော ကျောက် စာဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရားရှင်သည် ရခိုင်ပြည် ဓည၀တီသို့ ကောင်းကင် ခရီးဖြင့် ဒေသစာရီကြွချီတော်မူလာရာ သေလာဂီရိတောင် (ကျောက်တော်တောင်)သို့ အရောက်တွင် တစ်ထောက်နားခဲ့ကာ ဗျာဒိတ်တော်ပေးကြောင်း ရေးထိုးထားသော ကျောက်စာဖြစ်သည်။ ရေးထိုး ထားသော အက္ခရာမှာ ဗြဟ္မီအက္ခရာဖြစ်သည်။ ရှေးရခိုင်လူတန်းစားတို့၏ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် စာပေ ယဉ်ကျေးမှုထွန်းကားမှု၏ ပြယုဂ် အထင်ကရ ကျောက်စာတစ်ခုပင် ဖြစ်လေသည်။ ထို့ပြင် အေဒီ(၁)ရာစုခန့် က ရေးထိုးခဲ့သည်ဟု ခန့်မှန်းရသော ဗိုက်ပူကြီးဘုရားကျောက်စာခေါ် သစ္စကရိဗိုဇ်ကျောက်စာမှာလည်း ရခိုင်တို့၏ ရှေးကျသော ရခိုင်စာပေယဉ်ကျေးမှုတစ်ခု ဖြစ်သည်။      လက်ရေးလက်သားပညာအရ အစောပိုင်းသမိုင်းကြွင်းများကို လေ့လာရာတွင် ရခိုင်ကျောက်စာများ ၊ ခေါင်းလောင်းစာ၊ ဒင်္ဂါးစာ စသည်တို့တွင် အသုံးပြုခဲ့သော စာပေအက္ခရာများသည် အိန္ဒိယပြည်တွင် အသုံးပြုခဲ့ကြသော ဗြဟ္မီအက္ခရာဖြစ်ကြောင်းတွေ့ရသည်။ ထို့ကြောင့် အိန္ဒိယပြည်တွင် ဗြဟ္မီအက္ခရာကို ကျယ်ပြန့်စွာအသုံးပြုနေချိန်တွင် ရခိုင့်ဓည၀တီ၊ ဝေသာလီခေတ်တို့၌လည်း ပြန့်ပွားသုံးစွဲခဲ့ကြကြောင်း ထင် ရှားလှပေသည်။

      ရက္ခ၀ဏ္ဏအက္ခရာခေါ် ရခိုင့်အက္ခရာ၏ ဆင်းသက်ပုံအဆင့်ဆင့်ကို လေ့လာသောအခါတွင် ရခိုင့်ခေတ် အဆက်ဆက် အသုံးပြုခဲ့သော အိန္ဒိယပြည်သုံး အက္ခရာအမျိုးအစားမှ တစ်ဆင့် ဆင့်ပွားပြောင်းလဲ လာကာ နောင်တွင် ရခိုင်အက္ခရာ ကကြီး၊ ခခွေးအဆင့်ထိ ပုံပေါ်လာကြောင်း တွေ့ရသည်။ အထူးသဖြင့် ဗြ ဟ္မီအက္ခရာနှင့် ဗြဟ္မီပွားအက္ခရာကို အခြေခံသော အက္ခရာဖြစ်သည်။ ရခိုင်လူမျိုးတို့သည် ရက္ခ၀ဏ္ဏဖြင့် မှတ်တမ်းမတင်နိုင်မီအချိန်တို့တွင် ခရုသျှဒီ၊ ဗြဟ္မီ၊ ကူသျှံ၊ ဂုပ္ပတ္တ၊ ဂြန္တ စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲသုံး စွဲလာခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။ ဂုပ္ပတ္တအက္ခရာသည် အိန္ဒိယပြည်တွင် အေဒီ(၄)ရာစုခန့် တွင် အကြီးအကျယ် ပျံ့ပွားမှုအားကောင်းခဲ့ရာ ထိုခေတ်နှင့်ခေတ်ပြိုင် ရခိုင့်ဝေသာလီခေတ်တွင်လည်း ဂုပ္ပတ္တစာပေအက္ခရာ ပျံ့ပွားသုံးစွဲခဲ့မှုရှိခဲ့ကြောင်း တွေ့ရသည်။      ဝေသာလီခေတ်တွင် ရခိုင်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည် အထူးပင်ကျယ်ပြန့်နေပြီဖြစ်ကြောင်း တွေ့ရ သည်။ သစ္စက ပရိဗိုရ်ခေါ် ဗိုက်ပူကြီးကျောက်စာမှာ ဝေသာလီခေတ်ဦး၏ မှတ်တမ်းများကိုကြည့်ပါက ဓည၀တီ၊ ဝေသာလီခေတ်ဦးတွင် စာပေအက္ခရာယဉ်ကျေးမှုသည် ကိုးကွယ်ရာဘာသာရေးကို အထွဋ် အမြတ်ဦးတိုက်ထားသော စာပေယဉ်ကျေးမှုများဖြစ်ပြီး နောက်ပိုင်းကာလများတွင် ရခိုင်ဘုရင်မင်းစဉ် မင်းဆက်များနှင့် ၎င်းတို့၏ စွမ်းဆောင်ချက်များအပါအ၀င် မင်းကျင့်ဝတ်ဆိုင်ရာများ၊ အခြားသော ပြင်ပဗဟု သုတစာပေများကိုပါ အများအပြားတွေ့လာရသည်။ ရခိုင်တို့၏ သမိုင်းအစဉ်အလာကြီးမားခဲ့သော စာပေ ယဉ်ကျေးမှုကို အထင်းသားတွေ့ရလေသည်။

      ဝေသာလီခေတ်တွင် ရက္ခ၀ဏ္ဏခေါ် ရခိုင့်အက္ခရာ ကကြီး၊ ခခွေးများ ပိုမိုပီပြင်သော အနေအထားရှိလာကာ စမ်းသပ်အသုံးပြုမှု တွင်ကျယ်နေပြီဖြစ်ကြောင်း တွေ့ရသည်။ ဝေသာလီခေတ်၏ အစောဆုံး ရခိုင့် အက္ခရာစာပေ ယဉ်ကျေးမှုအဖြစ် တွေ့ရသော ဘုရင်ကြီးသိင်္ဂစန္ဒရား (အေဒီ-၆၆၇/၇၃၃)၏ မိဖုရား အမျိုးသမီးစာဆို သုဝဏ္ဏဒေ၀ီခေါ် စောပြည့်ညိုမှာ သိမ်ကန်မိန်ချိုးလိုက် ကင်္လာရှည်ကြီးကို ရက္ခ၀ဏ္ဏအက္ခ ရာဖြင့် ရေးစပ်ခဲ့ကြောင်း သိရသည်။ သုဝဏ္ဏဒေ၀ီမိဖုရားသည် လင်တော်မောင်ဘုရင်ကြီးကို အနောက်သူရ တန် (ဘင်္ဂါ ၁၂-နယ်)မှ ပုန်ကန်ခြားနားမှုကို နှိမ်နင်းရန် စစ်ချီသွားရာ၌ ရာသီသုံးလီပြောင်းသည့် တိုင် ပြန်မရောက်လာ၍ လွမ်းဖွဲ့ဆိုထားသော သိမ်ကန်မိန်စစ်ချီကဗျာရှည်ကြီး ဖြစ်သည်။ ထို့ပြင် ဓမ္မဇေယျ အမတ်ကြီး၏ ဗျည်း(၃၃)လုံး လှေလှော်သံမှာ ထိုခေတ်အချိန်အခါ၌ ရခိုင့်အက္ခရာ (ရက္ခ၀ဏ္ဏ) တွင် ကျယ်နေမှု၏ သက်သေအလင်းတန်းတစ်ခု ဖြစ်သည်။      ဝေသာလီခေတ် (ဝေသာလီ ကျောက်လှေကားခေတ်)သည် ရခိုင်လူမျိုးများ၏ လူနေမှုအဆင့်အတန်းမှာ တစ်ဆစ်ချိုးခဲ့သည်ဟုပင် ဆိုနိုင်လောက်သည်။ ပုံမှန်အားဖြင့်ကြည့်လျှင် ရခိုင်လူမျိုးများသည် သကျသာကီ ၀င်ဖြစ်သည့်အတိုင်း အစောပိုင်း ဓည၀တီခေတ်တို့တွင် အိန္ဒိယပြည်နှင့် လူ့ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ် ဖလှယ်မှုတချို့ ရှိကြလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းရ၏။ ဗုဒ္ဓဘုရားရှင် ရခိုင်ပြည်ဓည၀တီသို့ ကြွရောက်ကာ ဗုဒ္ဓဘာသာပြန့်ပွားခဲ့ပြီး နောက်ပိုင်းမှစ၍ ရခိုင်တို့သည် ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်တို့ဖြင့် သီးသန့်ရပ်တည် လာခဲ့ကြသည်ဟု ဆိုနိုင်လိမ့်မည်ထင်သည်။ ဝေသာလီခေတ်တွင်မူ အိန္ဒိယ စာပေယဉ်ကျေးမှုမှ လုံးဝကင်း လွတ်သော ရခိုင့်မူ၊ ရခိုင့်ဟန် တွင်ကျယ်မှုကို တွေ့ရသည်။ အဓိကအားဖြင့် အိန္ဒိယစာပေ ယဉ်ကျေးမှုသည် ရခိုင်ပြည် ဓည၀တီခေတ်မှ စတင်ပျံ့နှံခဲ့သော်လည်း ရခိုင်လူမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင်မူဟန်ကို ယင်းအချိန်မှပင်စကာ ဆန်းစစ်နေခဲ့ကြပြီဟု တွေးယူကြည့်နိုင်ပေသည်။ စာပေအက္ခရာတစ်ခုသည် ကိုယ် တိုင်တီထွင်ဆန်းသစ်မှုအဖြစ် ပြီးပြည့်စုံလာနိုင်ရန်မှာ နှစ်ကာလအလွန်ပင်ကြာခဲ့လိမ့် မည်ဖြစ်ကြောင်း သေ ချာပေ၏။

      မိဖုရားစောပြည့်ညိုခေါ် သုဝဏ္ဏဒေ၀ီသည် ဝေသာလီခေတ်တွင် သိမ်ကန်မိန်အပါအ၀င် များစွာသော စာပေ များကို ရေးခဲ့သည်။ အိန္ဒိယပြည်မှ ကျမ်းကြီးကျမ်းငယ်များကို ရခိုင်ဘာသာသို့ ပြန်ဆိုသော ကျမ်းစာများကို လည်း တွေ့ရသည်။ ကာလီဒါသကဗျာဖွဲ့နည်းဖြစ်သော သျှရုတဗောဓကျမ်းကို က၀ိကဏ္ဍအမည်ဖြင့် ပြန် ဆိုခဲ့မှုမှာ ထင်ရှား၏။ ဝေသာလီကျောက်လှေကားခေတ်သည် ဗုဒ္ဓဘာသူကို အထွဋ်အထိပ် ထားသော ယေ ဓမ္မာအစချီ ကျောက်စာများစွာကိုလည်း တွေ့ရလေရာ ရခိုင်လူမျိုးတို့၏ ကိုးကွယ်မှု၊ စာပေယဉ်ကျေးမှုဆိုင်ရာ လူနေမှုအဆင့်မြင့်မားခဲ့ပုံကို တွေ့ရမည်ဖြစ်သည်။ ဝေသာလီကျောက်လှေကားခေတ်တွင် ဘုရင်သီရိ စန္ဒရားမင်းလက်ထက် (အေဒီ-၆၇၇)၌ ပညာကျော်အမတ်ကြီး မေဓပညာသည် ရခိုင်ပြည်၏ စတုတ္ထ သင်္ဂါယနာတင်ခဲ့ကြောင်း စပ်ဆိုထားသော မေဓပညာမော်ကွန်းအရ ထေရ၀ါဒဗုဒ္ဓဘာသာသည် ရခိုင်တွင် အထူးပင် ပြန့်ပွားနေခဲ့ကြောင်း တွေ့ရလေသည်။ ရခိုင့်အက္ခရာ စာပေယဉ်ကျေးမှုထွန်းကားခြင်း ၏ ပြယုဂ် တစ်ခုလည်းဖြစ်သည်။      လေးမြို့ခေတ် (အေဒီ- ၈၁၈-၁၄၃၀)အတွင်း ရခိုင့်စာပေယဉ်ကျေးမှုသည် ရခိုင့်အက္ခရာ ရက္ခ၀ဏ္ဏကို ထင် ရှားပြတ်သားစွာ တွေ့မြင်လာရပေပြီဖြစ်သည်။ လေးမြို့ခေတ်တွင် ကဗျာ၊ လင်္ကာဆိုင်ရာ စာပေယဉ်ကျေး မှုများ၊ လျှောက်ထုံးများ ပါများစွာ ပေါ်ပေါက်ခဲ့သည်။ုရင် ဒဿရာဇာလက်ထက်တော်တွင် အမတ်ကြီးပညာရှိ က၀ိကျော်၏ နန်းတက်ဘိသိက်ခံခြင်းဆိုင်ရာ လျှောက်ထုံးမှာ ထင်ရှားလှသည်။ လေးမြို့ခေတ်တွင် အထင် ကရ ဘုရင်ကြီးတစ်ပါးဖြစ်သော ရခိုင်ဘုရင်မင်းထီး၏ လက်ထက်တော်တွင် ရခိုင့်စာပေအက္ခရာမှာ အထူးပြောဖွယ်မရှိ ကျယ်ပျံ့ထွန်းကားခဲ့သည်။ ဘုရင်မင်းထိးသည် မင်းကျင့်တရားနှင့် ညီညွတ်သော မင်းတစ်ပါးဖြစ်သည့် အားလျော်စွာ နန်းစိုးစဉ်အချိန်ကာလတါင် ရံခြွေတော် ပညာရှိမှူးမတ် က၀ိများ ပေါ ကြွယ်ဝလှသည်။      ဘုရင်မင်းထီးလက်ထက်တော်တွင် မင်းတို့၏ ကိုယ်ကျင့်တရားကို နည်းမှန်လမ်းမှန်ပြသော လျှောက်ထုံးများ လည်း များစွာပေါ်ပေါက်ခဲ့သည်။ သမိုင်းတွင် အထင်ကရ ရခိုင်သူမြတ် အရှင်အဂ္ဂသာရ ၏ လောက သာရပျို့ကို လေးမြို့ခေတ်ဘုရင် မင်းထီးလက်ထက်တွင် ရေးစပ်ခဲ့သည်။ ရခိုင်အရှင်သူမြတ်သည် နောင် တစ်ချိန်တွင် ပုဂံပြည့်ရှင်ဖြစ်လာမည့် မင်းကြီးစွာ စော်ကဲကို နီတိစာပေများ သင်ကြားပို့ချခဲ့ကြောင်း ရခိုင့် သမိုင်းမှတ်တမ်းများ၌ တွေ့ရသည်။ မင်းကြီးစွာစော်ကဲသည် ဘုရင်ဖြစ်လာသောအခါ ပညာသင်ကြား ခဲ့ဖူးသော ဆရာတော်ကို မဟာသင်္ဃရာဇာဘွဲ့အပ်နှင်း၍ ရွာသစ်ကြီးတွင် စည်းခုံနှင့် ကျောင်းတော်တည် ထား စံမြန်းစေကြောင်း မှတ်တမ်းများမှ ဆိုသည်။ ဘုရင်မင်းထီးသည် ၎င်း၏ စာပေအက္ခရာ တင် မော်ကွန်း ကမ္ဗည်းဖြစ်သော အိန္ဒိယပြည် မဟာဗောဓိစေတီတော် တည်ထားခြင်း ကျောက်စာကို ရေးထိုး ခဲ့သည်။ ရခိုင်သားလေ သာစွလေချီသော သာလေစွကဗျာကိုလည်း လေးမြို့ခေတ် ဘုရင်မင်းထီးလက်ထက်တော် တွင် ရေးစပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရင်မင်းထီးလက်ထက်တော်တွင် ရခိုင့်ရက္ခ၀ဏ္ဏ အက္ခရာသည် ပျို့၊ ရတု၊ ကဗျာလင်္ကာ၊ လျှောက်ထုံး၊ ကျမ်းဂန်များအထိ ရခိုင့်လေသံ ပြေပြစ်သော အရေးအသားများဖြင့် အားရဖွယ် တိုးတက်နေပြီဖြစ်ကြောင်း တွေ့ရ၏။

      ရခိုင်လူမျိုးတို့၏ လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ နိုင်ငံရေး၊ စစ်ရေး စသည်တို့၌ ဘုန်းနေလ ထွန်းတောက်ခဲ့သော ခေတ်မှာ မြောက်ဦးရွှေခေတ်ဖြစ်သည်။ မြောက်ဦးခေတ်ကို ဘုရင်ကြီး မင်းစောမွန်မှ အေဒီ- ၁၄၃၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ  ဘုရင်သမ္မတရာဇာ အေဒီ-၁၈၇၅ အထိ တည်တံ့စေခဲ့သည်။ မင်းစဉ်ပေါင်း ၄၈-မင်းနှင့် နှစ်ပေါင်း ၃၅၅ နှစ်ထိ ရခိုင်လူမျိုးတို့ ယဉ်ကျေးမှု အဆင့် အတန်း မြင့်မားစေခဲ့ရာ ခေတ်ဖြစ်သည်။     မြောက်ဦးခေတ်၏ ရခိုင့်စာပေထွန်းကားခဲ့မှုသည် ယနေ့ခေတ်အတွက် ဖြောင့်ဖြူးသော လမ်းကြောင်းကို လမ်းခင်းပေးခြင်းဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မြောက်ဦးခေတ်၏ ရခိုင့်စာပေအက္ခရာ ယဉ်ကျေးမှု သည် ခန့်ညားထည်ဝါ ရင့်ကျက်တည်ငြိမ်မှုရှိသော စာပေပျိုးဥယျာဉ်ကြီးကဲ့သို့ ရှိသည်။ မြောက်ဦးမြို့တည် မင်းစောမွန်၏ညီတော် မင်းခရီ၏ ကဗျာများ၊ မင်းခရီလက်ထက် သံတွဲစားမိဖုရား စောယဉ်မိ၏ ကဗျာများမှ အစချီကာ မြောက်ဦးတစ်ခေတ်လုံးသည် ရခိုင့်မူဟန် စာပေအက္ခရာများဖြင့် ပြည့်နှက်ခဲ့သည်ဟု ဆိုရပေ မည်။ ထင်ရှားကျော်ကြားသော အမတ်ကြီးစာဆို ၀ိမလ၊ မဟာပညာကျော်၊ ဥက္ကာပျံ၊ အဒူမင်းညို စသော ပညာရှိများနှင့်တကွ ၎င်းတို့စီရင်အပ်သော စာပေမျိုးစုံ၊ ရသမျိုးစုံတို့က ကျယ်ပျံ့လှလေသည်။      မင်းဗာကြီးလက်ထက်တော်မှ ဘုရင်ကြီး ၆-ဆက်အထိ ပညာရှိမင်းတိုင်ပင်အမတ်ဖြစ်ခဲ့သော မင်းဗာကြီး ဘုရင်၏ ငယ်သူငယ်ချင်း မဟာပညာကျော်အမတ်ကြီးသည် လျှောက်ထုံးများ၊ ဖြတ်ထုံးများနှင့် တရားစီရင် အုပ်ချုပ်ရေးတို့အတွက် နာမည်ကျော် ရွှေမျည်းဓမ္မသတ်ကျမ်းကို စီရင်ခဲ့သည်။ ဘစောဖြူမင်းလက် ထက်တော်တွင် ထင်ရှားခဲ့သော အဒူမင်းညိုမှာ မြန်မာ့ဧချင်းလောက၏ အစောဆုံးယဉ်ကျေးမှုဖြစ်သော ရခိုင်မင်းသမီးဧချင်းကို စပ်ဆိုခဲ့သည်။ မင်းဗာဘုရင်ကြီး၏ သမီးတော်ကို ဖွဲ့ဆိုသော ပိုးဝါအလှဘွဲ့မှာ လက်ရာမြောက်လှ၏။ ဘုရင်နရပတိကြီး (အေဒီ၁၆၃၈-၁၆၄၅)လက်ထက်တွင် ငလက်ရုံးအမတ် ၏ ရှေ့ဖြစ်ဟောသော သိုက်ကျမ်းစာပေများ၊ အဘယရာဇမင်း (အေဒီ-၁၇၆၄-၁၇၇၃)လက်ထက် ထင်ရှားခဲ့သော ဒိုးဝေရာဇ၀င်၊ သီရိသုဓမ္မရာဇာကို အမှီပြုပေါ်ပေါက်ခဲ့သော ငစည်သာချင်း (ပြဇာတ်ပုံ သရုပ်ပြသာချင်း)၊ စိုင်းဒြားဘွဲ့၊ ပင့်ကူအကဘွဲ့ စသည်တို့မှာ ရခိုင့်စာပေအနုပညာ၏ ပြောင်မြောက်သော ရခိုင့်မူဟန် စာပေအနုပညာများ ဖြစ်ပေသည်။

      ရခိုင်လူမျိုးတို့သည် ခေတ်အဆက်ဆက်တို့၌ ကိုယ်ပိုင်မူဟန်ကြွယ်ဝစွာ နေထိုင်ကျင့်ကြံလာခဲ့ကြကြောင်းကို သမိုင်းအထင်ကရ ရုပ်ကြွင်းများ၊ စာပေကျမ်းဂန် ရာဇ၀င်မော်ကွန်းများဖြင့် သက်သေထူခဲ့ကြသည်။ လူမျိုး တစ်မျိုး၏ သဘောသဘာဝ၊ ဆင်းသက်ဆက်နွယ်လာပုံ၊ ရင့်ကျက်သော လူမျိုးအဖြစ် ရပ်တည်လာပုံများကို သမိုင်းသူတေသနပြုသောအခါ ခေတ်ပြိုင်အနီးနား ပတ်ဝန်းကျင်မှအစ ဆိုင်ရာ (Primary Source, Secondry Source) တို့ပါမကျန် စေ့စပ်သေချာစွာ သုတေသနပြုခြင်းဖြင့်သာ ယုတ္တိကျသော သမိုင်းတစ်ခု ကို ရနိုင်မည်ဖြစ်သည်။ ရခိုင့်သမိုင်းများသည် မြေကြီးသက်သေများ၊ သမိုင်းကြွင်းအထောက်အထားများနှင့် စုံလင်ပါသော်လင်း ယနေ့တိုင် ထင်ရှားမှုကင်းမဲ့ခဲ့ရသည်။      အကြောင်းတို့ကြောင့် အကျိုးဖြစ်လာရသည်မို့ အပြစ်မဆိုသာသော်လည်း ရခိုင့်သမိုင်း၏ အထင်က ရကျော်စော ထင်ရှားမှုများ မှေးမှိန်ပျောက်ကွယ်နေမှုသည် ယခုအခါ ပြန်လည် အရောင်တင်ရမည့် အချိန် ကျရောက်လာပြီဟု ထင်ပါ၏။ အထူးသဖြင့် ရခိုင့်စာပေအက္ခရာသည် သမိုင်းတွင် လှလှပပဂုဏ်တင့် တယ်ကာ ကိုယ်ပိုင်မူဟန်ပြည့်ဝခဲ့သော်လည်း ရခိုင်လူမျိုးတို့သည်ပင် ကြားသိတတ်ကျွမ်းခွင့်နှင့် ဝေးနေ ခဲ့ရသည်။ အထင်ကရ ဆင်းသက်ပေါက်ပွားလာသော ရခိုင့်အက္ခရာ၏ စာပေယဉ်ကျေးမှုသည် သမိုင်းထဲ တွင်ပင် ပျောက်ကွယ်သွားရမည်လား။ သမိုင်းထဲမှာပင် ချန်ထားခဲ့ရမည်လား။ သမိုင်းထဲမှာ ပြင်ပသို့ ခြေ ဆန့်အကျိုးပြုခွင့် မည်သည့်အချိန်တွင် အခွင့်သာပါ့မလဲ စသည်ဖြင့် မေးခွန်းများ စွာဖြင့်သာ ပြည့်သိပ်နေခဲ့ရ ၏။ ရခိုင်လူမျိုးများ၏ အထင်ကရခေတ်ထဲမှ နန်းရာများ၊ မြို့ဟောင်းများ၊ စေတီပုထိုး၊ ကျောက်စာများထက်၌ အားငယ်နေရှာမည့် ရခိုင့်အက္ခရာ စာပေများကို ရွှေရောင်နေ့ရက်များဖြင့် နှစ်သိမ့်ပေးချင်မိပါသည်။

 ကိုးကား    -     ရခိုင့်သမိုင်းအလင်းပြကျမ်း၊
ရခိုင့်သမိုင်းများ၊       
ဦးဦးသာထွန်း၏ စာများ၊       
ရခိုင်မင်းသမီး ဧချင်းနှင့်အခြားရခိုင်ပြည်ဆိုင်ရာ စာမူများ။
Previous Post Next Post